ဒုန်း… ဆိုတဲ့အသံကိုကြားပြီး လှည့်ကြည့်လိုက်တဲ့အခါ
မြင်ခဲ့ရတဲ့မြင်ကွင်းက ထင်သလောက်အကျည်းမတန်ခဲ့ပါဘူး။
ကျနော်နောက်ဆုံးမြင်ခဲ့ရတဲ့အရာကတော့
ကောင်မလေးတစ်ယောက်ကို တက္ကစီဆရာက ကားပေါ် အမြန်ဆုံးတက်ခိုင်းလိုက်တဲ့
မြင်ကွင်းပါပဲ… ကောင်မလေးကတော့ ပြာယာခတ်ပြီးတော့ ကားပေါ်ကိုတက်သွားပါတယ်။ နောက်ဆက်တွဲဘာတွေဖြစ်ကြလဲ
ဆိုတာကတော့ ကျနော့်အမြင်အာရုံက အကန့်အသတ်ရှိတာမို့
သိခွင့်မရတော့ပါဘူး။
စိတ်ထဲမှာတော့ ~အော်…ဘုရားမတာပါလား။
မသေကောင်းမပျောက်ကောင်းဗျာ~ ဆိုပြီးတော့ အတန်တန်သက်ပြင်းချမိပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီကောင်မလေးခများ
လန့်နေရှာမှာပဲ လို့တလမ်းလုံး စဉ်းစားရင်း ဦးတည်တဲ့နေရာ မိုင်ဒါဘောလုံးကွင်းကို ရောက်သွားခဲ့ပါတယ်။
ဒီလိုအဖြစ်အပျက်မျိုးတွေကို ရွှေဂုံတိုင်မှာနေပြီးတော့
ပညာစည်းပူးနေတဲ့သူ တယောက်မို့ အထူးတဆန်းဖြစ်မနေပေမယ့် စိတ်မကောင်းဖြစ်မိပါတယ်။ ~ဟေ့၊
သတိထားဦးနော်… အဲဒီမီးပွိုင့်ကကားတွေ လူမျိုး၊ ဘာသာမရွေး တိုက်နေတယ်နော်~ သူငယ်ချင်းတချို့ပြောသလို
ဖြစ်နေမှန်းကို နေတာကြာလာတာနဲ့အမျှသိခဲ့ရပါတယ်။
ညနေတုန်းကအဖြစ်ပျက်လေးကို ပြန်လည်စားမြုံ့ပြန်ပြီးတော့
စဉ်းစားမိတယ်… မီးပွိုင့်ကလည်းစိမ်းနေတယ်…ကောင်မလေးတယောက်ကလည်း ငြေးပြီးတော့ လမ်းဖြတ်ကူးနေတယ်။
တက္ကစီကားဆရာကလည်း သူ့အတွေးနဲ့သူ ကားကိုမောင်းနေမယ်။
သူ့စိတ်ထဲမှာတော့ မီးပွိုင့်ကစိမ်းနေတာမို့ လမ်းဖြတ်ကူးတဲ့သူမရှိလောက်ဘူး ဆိုပြီးတော့
ကားကိုဆက်မောင်းနေမယ်… အဲဒီမှာပဲ သူ့ရဲ့အတွေးနဲ့ လက်တွေ့ကဆန့်ကျင်ဘက်ဖြစ်သွားပြီး သူထိန်းချုပ်မရနိုင်တဲ့
အဖြစ်အပျက်နဲ့တွေ့ကြုံခဲ့ရပါတော့တယ်။ အဲဒီလိုမဖြစ်ခင် စက္ကန့်ပိုင်းအလိုမှာ ကျနော်ကလည်း ရှစ်လွှာကဆင်းပြီးတော့ လမ်းမကြီးဘက်ကိုသွားဖို့
စဉ်းစားနေတယ်။
ဘာတွေဆက်ရေးရမလဲမသိတော့ဘူး။
...ဒါပေမယ့် ဒီအဖြစ်ပျက်လေးက ကျနော့်ကို လွှမ်းမိုးထားတာတော့ အမှန်ပဲဗျ။
No comments:
Post a Comment