Wednesday, June 26, 2013

မိုးစက်ရေများနှင့် ဘဝအပိုင်းအစ

အပြင်မှာ မိုးတွေသည်းသည်းမည်းမည်းရွာနေတယ်။

အရင်ချိန်တွေကို သွားသတိရမိတယ်...

အရင်ချိန်တွေဆိုတာက...
မိုးရေထဲမှာ ထီးမပါပဲနဲ့ လမ်းလျှောက်ခဲ့ရတဲ့ အချိန်တွေ။
...အလယ်တန်းကျောင်းသားဘဝတုန်းက အဖြစ်အပျက်တစ်ခုကိုသွားသတိရမိတယ်။
၃.၃ဝ ကျောင်းဆင်းချိန်ရောက်တော့ မိုးရေထဲမှာပြေးလွှားပြီးတော့ ကျောင်းရဲ့ဂိတ်ပေါက်ဝကို ပျော်ပျော်ကြီးသွားခဲ့ပါတယ်... ကျောင်းစိမ်း၊ ကျောင်းဖြူ ဝတ်ပြီးတော့ ကျောင်းတက်ဖော်တွေရဲ့ရှေ့ဆုံးကနေ ဂိတ်ပေါက်ကို ရောက်ခဲ့ပါတယ်။
ပျော်စရာကောင်းလွန်းခဲ့ပါတယ်...
အဲဒီအချိန် (ဂိတ်ပေါက်ရောက်တဲ့အချိန်ပေါ့ဗျာ...) မှာ ကျနော့် ပျော်ရွင်မှုက ပြီးဆုံးသွားခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့...
...အမေပါးလိုက်တဲ့ထီးကို ကျနော့်စာရေးခုံထဲမှာ ကျန်ခဲ့တယ်၊ ဆိုတဲ့ အသိဝင်လာလို့ပါ။

မတတ်နိုင်ဘူး...ပြန်လှည့်။

ခုဏတုန်းက ကျောင်းတက်ဖော်တွေရဲ့ရှေ့မှာ ပြေးလွှားနေခဲ့တဲ့ကောင်လေးတယောက် အခုတော့ နောက်ကြောင်းပြန်လှည့်နေရပါတယ်...

ဘာပဲဖြစ်ဖြစ် အဲဒီတဒင်္ဂအပျော်လေးကို ဆယ်စုနှစ် နှစ်စုနီးပါး ကြာမြင့်တဲ့အချိန်အထိ မေ့မရနိုင်ဘဲ...
မိုးတွေရွာတိုင်း သတိရနေမိတယ်...

...ဒီနေ့မှာရွာတဲ့ မိုးတွေက ကျနော့်ရဲ့အတွက်များရွာနေသလားဗျာ။

No comments:

Post a Comment