Friday, October 17, 2014

တမ်းခြင်း

အချိန်တွေသာကုန်သွားတယ်...
နေ့စဉ်ရက်တိုင်း ငါသတိရနေသေးတယ်။ လွမ်းနေသေးတယ်။
...မြင်နေရသေးတယ်။

စိတ်ညစ်စရာကြီးဖြစ်လာတယ်...
ခုတော့ ငါတော်တော်လေးအထိတ်အလန့်ဖြစ်နေမိပါပြီ...
လူတွေပြောတော့ အချိန်ကကုစားသွားမှာပါ ဆို...
...အချိန်က ကုစားတာကတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။

ကုစားနိုင်လား၊ မနိုင်ဘူးလား တော့မသိဘူး...
ဒါပေမယ့် ငါကတော့ အလူးအလဲပဲဗျာ။

ဒီစိတ်ခံစားချက်၊ ဝေဒနာကြီးနဲ့ နောက်တယောက်ကို ချဉ်းကပ်ရမယ် ဆိုတာကြီးက...

ငါ ပြန်လာမယ်...

အိမ်မက်တခုလည်းပြီးသွားခဲ့ပြီ...

အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးတွေလည်းပျက်ခဲ့ရပြီ။
အကြောင်းကြောင်းကြောင့်...
ငါ ငိုခဲ့ရတယ်...
ဝမ်းနည်းခဲ့ရတယ်...
စိတ်ညစ်ခဲ့ရတယ်...
ငြီးတွားခဲ့ရတယ်...
...ဒါပေမယ့် ငါ ဇွဲမလျော့ဘူး၊ အားမလျော့ဘူး။

ငါအားတင်ထားတယ်...
တနေနေ့တော့ ငါ ခေါင်းမော့၊ ရင်ကော့လာနိုင်မှာပါ။

Tuesday, September 24, 2013

မနက်ခင်းပို့စ်

မနက်ထလာတယ်...
နေလို့ကောင်းတယ်၊
လုပ်စရာရှိတာတွေ လုပ်ခွင့်ရတယ်...
ဘုရားသခင်ရဲ့ကျေးဇူးတရားအသစ်တွေကိုလည်း ခံစားရတယ်။

ဒီနေ့တနေ့တာအတွက်လည်းဘုရားသခင်လမ်းပြပို့ဆောင်မယ်လို့ မျှော်လင်ဆုတောင်းရင်း
ကိုယ့်ကိုယ်ကို အားပေးနေမိတယ်။

Friday, September 13, 2013

ရှာကြလော့၊ ရှာလျှင်တွေ့မည်။

ယေရှုခရစ်တော်ရဲ့သင်ကြားပေးတဲ့အရာက
~တောင်းကြလော့၊ တောင်းလျှင်ရမည်၊
ရှာကြလော့၊ ရှာလျှင်တွေ့မည်၊
ခေါက်ကြလော့၊ ခေါက်လျှင် တံခါးကိုဖွင့်ပေးကြလိမ့်မည်။~  လို့ သွန်သင်ပေးထားပါတယ်။

ရှာကြလော့၊ ရှာလျှင်တွေ့မည်။ ဆိုတဲ့အချက်ကို ရိုးရိုးလေးစဉ်းစားကြည့်ရရင်တော့
လူတွေဟာ သူတို့ရှာတဲ့အရာတွေကို တွေ့အောင်ရှာနိုင်တဲ့အစွမ်းတွေရှိကြတယ် ဆိုတဲ့သဘောမျိုးပေါ့။

ဆိုတော့ ကိုယ်က သူများမကောင်းတဲ့အကွက်တွေကိုပဲ ရှာနေမယ်ဆိုရင် တချိန်လုံးအဲဒီ မကောင်းတဲ့အရာတွေကိုပဲတွေ့နေကြရမှာအမှန်ပါပဲ။
အဲဒီလိုပဲ...သူများကောင်းကွက်တွေကို ရှာမယ်ဆိုရင်တော့ တွေကြမှာအမှန်ပါပဲ။

ဆိုတော့ ရှာရင်တွေ့တယ်။ ပြောင်းပြန်ပြန်စဉ်းစားကြည့်ရရင်
...ကိုယ်တွေ့ကြုံရတာတွေရဲ့ အများကြီးက ကိုယ်ရှာတဲ့အရာတွေဖြစ်တယ်လို့ နိဂုံးချူပ်ချင်မိတယ်။

ိရောက်တတ်ရာရာ


ဒီနေ့အတန်းထဲမှာ ဆရာပြောတာနားထောင်နေရင်းနဲ့ ရေးဖြစ်လိုက်တာပါ။

ဘယ်လိုအခြေအနေမျိုးမှာမဆို အပြောင်းအလဲကာလဆိုတာက ကြောက်စရာအကောင်းဆုံးအချိန် ဖြစ်သလို၊ စိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။
MEGST ကျောင်းတော်ကြီးအနေနဲ့ အရေးကြီးဆုံးအခန်းကဏ္ဍလို့ ယူဆရမယ့် Principal အပြောင်းအလဲက ဒီနှစ်မှာဖြစ်ပျက်ခဲ့ပါတယ်။ Principal အသစ်အဖြစ်တာဝန်ယူတဲ့ Rev. San Cung Nung ရဲ့ပထမနှစ် အပြောင်းအလဲကာလ လို့ဆိုရမှာဖြစ်ပါတယ်။
          ဘယ်အခြေအနေမှ အာမခံမရှိပါဘူး။
          ကောင်းလာနိုင်သလို၊ ယိုင်နဲ့သွားတာလည်းဖြစ်နိုင်ပါတယ်။
          ဒါပေမယ့် ယုံကြည်သူတွေအနေနဲ့ ဘုရားသခင်ရဲ့ကျေးဇူးတော်က အားလုံးအတွက် လုံလောက်နေဆဲ ဖြစ်သလို ကျောင်းတော်ကြီး MEGST ရဲ့တစ်နှစ်တာခရီးစဉ်အတွက်လည်း လုံလောက်နေဆဲဖြစ်ပါတယ်။ အဲဒီအတွက် ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။
          တစ်နှစ်ဆိုတဲ့ အချိန်ကာလဟာ ရှည်လျားလိမ့်မယ်လို့ ထင်ရတဲ့ ခရီးတိုတစ်ခုဖြစ်ပြီးတော့၊ တိုတောင်းမယ်လို့ထင်ရတဲ့ ခရီးရှည်တစ်ခုလည်း ဖြစ်ပါတယ်။ အများကြီးပြောင်းလဲသွားကြပြီးတော့ မပြောင်းလဲခြင်းတွေလည်းကိန်းသေတစ်ခုလို ရှိနေကြဆဲဖြစ်ပါတယ်။
          ပြောင်းလဲမှုတစ်ခုအနေနဲ့ ဒီနှစ်ရဲ့ နှစ်လည်မဂ္ဂဇင်းမွေးဖွားလာခြင်းကို ထောက်ပြချင်ပါတယ်။
          ...စိုက်ထုတ်မှုတွေအများကြီးလုပ်ခဲ့ရတယ်။
          အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။
          မဂ္ဂဇင်းဖြစ်မြောက်ရေးတာဝန်ခံတစ်ယောက်အနေနဲ့ ဘုရားပေးတဲ့အသိညဏ်တွေ၊ အစွမ်းအစတွေကို ဒီမဂ္ဂဇင်းမှာအတတ်နိုင်ဆုံး ထုတ်ဖော်ခဲ့ပါတယ်။

Sunday, August 25, 2013

စကား

ကူးစက်ရောဂါတွေအများကြီးရှိနေပါတယ်...
မှန်ပါတယ်။ပြီးတော့ ရောဂါတင်မကဘူး တခြားသောအရာတွေလည်းကူးစက်တတ်တာကို တွေ့နိုင်ပါတယ်။

တံငါနားနီးတံငါ ဆိုတဲ့စကားမျိုးတွေဆိုပါတော့။
အရင်ကတော့ အဲဒီစကားကို သိပ်မယုံကြည်ခဲ့ဘူး...ကိုယ့်အပေါ်အများကြီးမူတည်တယ် လို့ခံယူခဲ့မိတယ်။

ဘာပဲဖြစ်ဖြစ် ကျနော်ရဲ့ကောင်မလေးဆီမှာ ကျနော်ပြောတတ်တဲ့စကားတွေကို ပြန်ကြားနေရတယ် လို့ခံစားမိပါတယ်။

ဟုတ်ပါတယ်။ ရောဂါပိုးတွေလိုပဲ အရမ်းကို ကူးစက်မြန်တဲ့အရာတစ်ခုကတော့ စကားလုံးတွေဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ စကားပြောတယ်ဆိုတာ သတိထားဖို့အကောင်းဆုံးသောအရာတွေအထဲက တစ်ခုဖြစ်တယ်လို့...

ဒီနေ့မှာ အတွေးနယ်ချဲ့နေမိပါတယ်။

Saturday, August 24, 2013

တန်ဖိုးထားခြင်း

လူတိုင်းပဲ ကိုယ်တန်ဖိုးထားတတ်တဲ့အရာလေးတွေ ကိုယ်ဆီ၊ကိုယ်ဆီ ရှိတတ်ကြပါတယ်။
လူတိုင်းဆိုပါတော့။
.
မထိကောင်း...အထင်မသေးကောင်းတဲ့အရာတွေ ဆိုပါတော့။
.
ဆိုတော့...
အဲဒီအရာတွေကို စော်ကားမိရင်တော့ အဲဒီလူနဲ့အဆင်မပြေတော့မှာ သေချာတယ်။
.
အဲဒီအရာတွေကို တန်ဖိုးထားနားလည်ပေးတယ်ဆိုရင်တော့ အဆင်ပြေတဲ့ဆက်ဆံရေးတစ်ခုဆိုတာ မွေးဖွားဖို့အဆင်သင့်ပါပဲ။